04/06/2026
"လိမ်ညာမှုတွေရဲ့ တန်ဖိုးက ဘာလဲ?
အမှန်တရားနေရာမှာ အမှားတွေကို အမှတ်မှားသွားကြဖို့ မဟုတ်ပါဘူး။ တကယ်တမ်း ကြောက်စရာကောင်းတဲ့ အန္တရာယ်က… ငါတို့တွေဟာ လိမ်ညာမှုတွေကို ခဏခဏ အဖန်ဖန် ကြားရဖန်များလာတဲ့အခါ… အမှန်တရားအစစ်အမှန်ကို လုံးဝ မမှတ်မိ၊ မခွဲခြားနိုင်တော့တာပဲ ဖြစ်တယ်
ကမ္ဘာ့အကောင်းဆုံး စီးရီးတွေထဲက တစ်ခုလို့ သတ်မှတ်ခံထားရတဲ့ HBO ရဲ့ Chernobyl - Mini Series (only 5 eps)
ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အနှစ်ချုပ်ကတော့ အမှန်တရားကို လိမ်ညာဖုံးကွယ်ခဲ့ရင် ပေးဆပ်ရမယ့် တန်ဖိုးက ဘယ်လောက်တောင် ကြောက်ခမန်းလိလိ ကြီးမားခဲ့လဲဆိုတာကို ရိုက်ပြသွားတာပါပဲ။ အပိုင်း ၅ ပိုင်းပဲ ရှိတာမို့လို့ အချိန်အကြာကြီးတော့ ပေးစရာမလိုဘူး။ ဇာတ်ရှိန်ကတော့ အစကနေ အဆုံးအထိ တစ်စက္ကန့်မှ မလျော့သွားလို့ ကျမက ည ၁၁ နာရီမှာ စပြီးကြည့်တော့ မနက် ၄နာရီမှ အိပ်ရတယ် (ဖော်ကင်ယားမှုပေါ့လေ ထားပါ )
ဇာတ်လမ်းကို ဆက်မယ်။
ဒီဇာတ်လမ်းအစ Chernobyl မြို့ရဲ့ နျူကလီးယားဓာတ်ပေါင်းဖို တခုဖြစ်တဲ့ RBMK ကြီး ပေါက်ကွဲမှုက စတယ်။ မြို့နေလူထုလည်း လန့်နိုးလာကြသလို၊ ဓာတ်ပေါင်းဖိုရဲ့ ထိန်းချုပ်ခန်းမှာလည်း ဦးစီးတွေရဲ့ မျက်နှာဟာ ထိတ်လန့်နေကြတယ်။
"ဓာတ်ပေါင်းဖို အူတိုင်မရှိတော့ဘူး ပေါက်ကွဲသွားပြီ"
"အူတိုင်က ဘယ်လိုအခြေအနေမှာမဆို မပေါက်ကွဲနိုင်ဘူး။ ကြောက်ပြီးပြောမနေနဲ့ကွ သွားကြည့်အုံး"
"သွားကြည့်ကြတဲ့ အင်ဂျင်နီယာတွေ မျက်နှာမှာ သွေးအလိမ်းလိမ်းနဲ့ ပြန်လာကြတယ်" (ဓာတ်ရောင်ခြည်တွေ သင့်ပြီလေ)
-------
Chernobyl နဲ့ အတော်လေးကိုလှမ်းတဲ့ နျူကလီးယားစက်ရုံတခုက လေထုထဲမှာ ဓာတ်ရောင်ခြည်တွေ ကြွနေတာကို သတိထားမိလိုက်တယ်။
"ငါတို့နားက စက်ရုံဘာဖြစ်လဲ လှမ်းမေးဦး"
"ဒီနားက စက်ရုံက ဘာမှ မဖြစ်ဘူး Chernobyl ကများလား"
"မဖြစ်နိုင်ဘူး Chernobyl ကနေ ဒီအထိ ဓာတ်ရောင်ခြည်ရောက်လာတယ်ဆို ပေါက်ကွဲပီး ပွင့်ထွက်နေမှ ဖြစ်မှ"
"Chernobyl ကို ဆက်သွယ်ကြည့်ပါဦး"
Chernobyl စက်ရုံက ဖုန်းပြန်ဖြေဆိုခြင်းမရှိခဲ့ဘူး။
-------
ဒီ အဖြစ်အပျက်အတွက် သိပ္ပံပညာရှင် တယောက်ကို အစည်းအဝေးခေါ်ပြီး ခေါင်းဆောင်ကို အစီရင်ခံစာ ဖတ်ပြခိုင်းကြတယ်။ အစီရင်ခံစာထဲမှာ RBMK ဓာတ်ပေါင်းဖို ပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ပြီ ဓာတ်ရောင်ခြည်သင့်တာကလည်း အနည်းအကျဉ်းပါဆိုတာမျိုးပါတယ်။ အထက်က ထုထောင်းခံရမှာ မလိုလားကြဘူးလေ ...
သိပ္ပံပညာရှင် ဂါလာရီ လီဂါဆော့ ကတော့ ဘယ်သူ့ဘက်မှ မပါပဲ "အစီရင်ခံစာဖတ်မိသလောက် ဒီဖြစ်ရပ်ဟာ RBMK ရဲ့ အူတိုင်ကြီး လုံးဝ ပွင့်ထွက်နေမယ် ဆိုတာ ကျွန်တော်မှန်းဆ ကြည့်လို့ရပါတယ်။ ဒါကို ချက်ချင်း အရေးယူ ထိန်းသိမ်းမှ ရမယ်"လို့ ရဲဝံ့စွာ ထွက်ဆိုခဲ့တယ်။
အဲဒါနဲ့ ဂါလာရီ လီဂါဆော့ နဲ့ အတူ ဒီဖြစ်ရပ်ကို ဦးစီးဖို့ ခေါင်းဆောင် ရှက်ဘီးနား ကိုလည်း ထည့်ပြီး Chernobyl မြို့ကို စေလွတ်လိုက်တော့တယ်။
ရဟတ်ယာဉ်ပေါ်ကနေကြည့်လို့ အပြာရောင်မီးခိုးငွေ့တွေ တထောင်းထောင်းထနေတဲ့ RBMK ဓာတ်ပေါင်းဖိုကြီးရဲ့ အဖြစ်ကို ကြည့်ပြီး ဂါလာရီ လီဂါဆော့ သိပ်ကို တုန်လှုပ်သွားတယ်။
ဘာဖြစ်လို့ ဒီလောက်တောင် ဖြစ်ရတာလဲ ?
ရှက်ဘီးနား က နားမလည်တော့ "ဘယ်မှာလဲ ပွင့်ထွက်နေတဲ့ အူတိုင် ငါ့ကို ပြစမ်း" ဆိုပြီး ရဟတ်ယာဉ်ကို အဲဒီ အပြာရောင်မီးခိုးငွေ့တွေ ပေါ်ကနေ ပျံသန်းခိုင်းတယ်။
"အဲဒီ မီးခိုးငွေ့ပေါ်ကနေပျံလိုက်ရင် ဒီ ရဟတ်ယာဉ်ပေါ်က လူတွေ အကုန် တပတ်အတွင်း ေ-လိမ့်မယ်"လို့ ဂါလာရီ လီဂါဆော့ ကပြောမှ ကြောက်သွားကြတယ်။
-------------------
"ဒီမီးကို ဘယ်လို ငြိမ်းရမလဲ"ဆိုတဲ့ ရှက်ဘီးနား ရဲ့ အမေးကို လီဂါဆော့ မဖြေနိုင်ဘူး။ "ခင်များမေးတဲ့ မေးခွန်းအတွက် အဖြေက ကမ္ဘာမှာ မရှိဘူး။ တခါမှ မဖြစ်ပျက်ခဲ့ဖူးဘူးဗျ" လို့ပဲ ပြောနိုင်တယ်။
-------------------
ရှက်ဘီးနာက မေးတယ် " မင်းပြောတော့ ဓာတ်ရောင်ခြည်သင့်တယ်ဆို မင်းနဲ့ငါ အဆင်ပြေနေသားပဲ"တဲ့
"အေး ခင်ဗျာနဲ့ကျုပ်ကလည်း နောက် ၅နှစ်အတွင်းပဲ ရှင်နိုင်လိမ့်မယ်ဗျ ကင်ဆာဖြစ်မှာလေ"
-------------------
ဓာတ်ရောင်ခြည်သင့်တာရဲ့ ဆိုးကျိုးတွေကိုလည်း ဒီဇာတ်လမ်းထဲမှာ အသေအချာ လေ့လာလို့ရမယ်။ တော်တော်လေးလည်း ကြောက်ဖို့ကောင်းတယ်။
ဒီကားကို ကြည့်နေရင်းနဲ့ တဝက်လောက်နေတော့ တွေးမိတာ တခုတည်းထဲ " ဒီကားထဲက အတိုင်းတကယ်သာဖြစ်ခဲ့ရင် တကယ့်ကို မတွေးရဲစရာပဲ" လို့ တွေးတာ ...
ဒါပေမယ့် ဒီဇာတ်လမ်းထဲက အတိုင်းက လွန်ခဲ့တဲ့ အနှစ် ၄၀( ၁၉၈၆ ခုနှစ်) က ယူကရိန်းနိုင်ငံမှာ တကယ်ကြီး ဖြစ်ပျက်ခဲ့တယ်ဆိုတာ သိလိုက်ရတော့ ပိုပြီးရင်ခုန်စိတ်လှုပ်ရှားရတယ်။
ေ-ာက်ကျိုးနည်းဖြစ်ရပ်ကြီးပါတကား....
ဖန်တီးထားတဲ့ လက်ရာကလည်း ရှယ်.. ဇာတ်လမ်းတွေ မကြည့်ဖြစ်တာ မဟုတ်ဘူး ကြည့်တယ်။ ရုပ်ရှင် Review မရေးဖြစ်တာ ကြာပြီ .. ဒီစီးရီးကိုတော့ ကြည့်ဖြစ်အောင် ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။